တကယ်ပြောတာ တစ်ခါတစ်လေများ သွားရင်းလာရင်း စဉ်းစားမိတယ် ။ ပြေးရင်းလွှားရင်း
စဉ်းရင်းစားရင်း သွားလာမိပြန်တယ် ။ အိမ်ကပြန်ထွက်လာတော့ သူငယ်ချင်း ကွန်ပြူတာ
ထဲကနေ ကိုယ့်အမ်ပီသရီးလေးထဲ 0110010.. တစ်ဂက်စာ သီချင်းတွေ တောင်ပုံရာပုံနဲ့
တကွ ဖိုဒါများကို မှိန်စေပျောက်စေသော ဗိုင်းရပ်စ် များပါမကျန် ကူးယူခဲ့ပေမယ့် ။ လေယာဉ်
ပေါ်လည်းကျရောကိုယ့်မှာ5.12 မီဂါဗိုက်လောက်ထဲမှာပဲ တစ်လည်လည် ။ အတက်အဆင်းမှာ
နားအူရတာနဲ့ ။ ချိုချိုခါးခါး ကော်ဖီကြမ်းကို ဝေပုံကျ မော့သောက်ရတာနဲ့။ပါးစပ်ချဉ်လာတော့
ကွမ်းယာထုတ်စားရတာနဲ့ ။စရိုက်တွေကတော့ မပြောင်းဘူး ။ ဒါဒါ ပဲ ။ သန်စွမ်းတဲ့လူဆိုတာ ခွေးဝဲစား ဖြစ်ရင်တောင် လမ်းမပေါ်တက်ပြီး မော်တော်ပီကယ်လိုလို ဘာလိုလို မထီမဲ့မြင်
်လုပ်နေဦးမှာပဲ ။ ကြည့်ရတာ လေယာဉ်က ငယ်ငယ်တုန်းကလောက် ပြေးလမ်းပေါ် သွေးရူး သွေးတမ်း မနိုင်တော့သလိုပဲ ။ တော်ရုံတန်ရုံလောက် အရှိန်ရတာနဲ့ လေကိုသူကုတ်တွယ်ထား
နိုင်ပြီ ။ တစ်ပေမှတစ်ပေ ။ ပြီးတော့ တစ်မိုင်မှတစ်မိုင် ။ မိုင်တစ်ရာမှမိုင်တစ်ရာ ဘာမှမရှိတာနဲ့
မမြင်ရတာနဲ့ လေယာဉ်က ကုတ်တွယ်ထားနိုင်သားပဲ ။ ခါးပတ်များ သေချာစွာတပ်ဆင်ထားပါ ။
ထိုင်ခုံအောက်တွင် အသက်ကယ်အင်္ကျီရှိ (နိုင်)ပါသည် ။ ထိုင်ခုံဟာ ရေပေါ်တွင် ပေါ်နိုင်အောင်
အထူးစီမံထားပါသဖြင့် ။ ရယ်စရာကောင်းတာ စဉ်းစားမိတယ် ။ ကလေးဘ၀တုန်းက ဒီလိုခရီး
သွားရင် တောင်တွေနဲ့ လေယာဉ် ၀င်ပြေးတိုက်မှာ ကြောက်လန့်တယ် ။ တိမ်တွေ နဲ့ တောင်က
ရောထွေးချင်ရောထွေးနေမှာ ။ ကွမ်းသီး ၊ ကွမ်းရွက် ၊ ထုံး နဲ့ ဆေး တို့ ရောထွေးနေသလို ။
ရောရုံနဲ့တော့ ထွေးလို့မရသေးဘူးနော် ။ အဲဒီမှာ အကြောင်းတရား ဆိုတာ ရှိသေးတယ် ။
စိတ်ကူးနဲ့ဆိုရင် ပေ ၂၀၀၀၀ လောက်မြင့်တဲ့ တောင်ချွန်ချွန်တွေကြားထဲ လေယာဉ်ကကွေ့ပတ်
နေသလိုလို ။ အရေးပေါ်သုံး မီးပွင့်ကလေးများလည်း ပါရှိပါတယ် ။ လေယာဉ်အမူထမ်းများက
လိုအပ်သည်များကို ကူညီပေးပါမယ် ။ ကျေးဇူးတင်ပါတယ် ။ အမှောင်ကျနေတဲ့ မှန်ဝါးဝါးကနေ
ကိုယ့်မြို့လေးကိုယ် တွန်းထိုးကြည့်တယ် ။ ပြီးတော့ ပြားကပ်နေတဲ့ အိမ်ကလေးတွေကို အပေါ်
စီး ဇောက်ထိုးကြည့်တယ် ။ ပြောပြီးသားပဲ …အမြဲတမ်း ဒါဒါ ပါပဲလို့ဆို ။ ဘာကိုလွမ်းတာပါ
လိမ့် ။ ရင်ထဲမှာ လှိုက်ခနဲ ဟာခနဲ ။ ဟင်ခနဲ ဟိုခနဲ ။ မနက်စောစောစီးစီး ငါးနာရီခွဲလောက်
အိပ်ရေးအပျက်ခံပြီး လိုက်ပါပို့ဆောင်နုတ်ဆက်ပြီး လစ်တော့…လစ်တော့ ဆိုပြီး အိုကေ…..
အိုကေ ဆိုပြီး အခုတော့ ကိုယ့်အိမ်ကိုယ်ပြန်ရောက်ပြီး တစ်ရေးတစ်မောလောက် ပြန်ဆွဲဖို့
ခေါင်းချပြီး …. ဒီလိုဆိုတော့လည်း လေယာဉ်က အချိန်မှန်သားပဲ ။ သယ်ယူသွားတတ်သားပဲ။
မနက် ၆ နာရီ ကျတော့ ပေးထားတဲ့ alarm က စာသားနဲ့တကွ ပေါ်လာတယ် ။ the last
day in myeik ။ တဆင့်ပြီးတဆင့် စီကာရီကာပဲ ။ ညကလည်းတော်တော်နဲ့အိပ်မပျော်နိုင် ။
အိပ်ရာထဲ ၊ အမှောင်ထဲ တောင်စမ်းမြောက်စမ်း ဖုန်းဖွင့်ပြီး မြွေဂိမ်းကစားနေလိုက်တယ် ။
အမြဲတမ်း ဆာလောင် ၊ အမြဲတမ်းကွေ့ပတ်နေတဲ့ မြွေ ။ လူ့ဘ၀လိုပဲ ။ ရှေ့တိုးရမယ် ။ ပြုန်းတီး
ရမယ်။ ထိန်းမနိုင်သိမ်းမရ ကိုယ့်အမြီးကိုယ် အစာလိုသဘောထားလာတဲ့ new game အထိ။
တစ်အိမ်လုံး ငြိမ်သက်နေပြီ ။ နံဘေးဘက်မှာ အစ်ကိုလတ် လင်မယားအခန်း ။ တစ်ခန်းတည်း
အခြား ကုတင်တစ်လုံးပေါ်မှာ အစ်ကိုလူပျိုကြီး ။ ဆန့်ကျင်ဘက် အပြိုင်အခန်းမှာ အဖေ၊အမေ
နဲ့အစ်မ ။ တစ်အိမ်သားလုံးအိပ်မောကျနေပြီ ။ အိပ်မောကျခြင်းမှာ လူ့ဘ၀ကို စုပ်ယူဆွဲယမ်းပစ်
နေပြီ ။ မနက်လင်းတော့ အားလုံးကို ဖျတ်ခနဲပဲ တွေ့လိုက်တယ် ။ အမေ့ကို သမံတလင်းပေါ်
ဦးချ ကန်တော့လိုက်တယ် ။ ရက်သတ္တနှစ်ပတ်လုံးလုံး စိတ်အမှိုက်တွေ ။ သေရင်ယူသွားလို့
မရတဲ့ ခြေရာလက်ရာတွေ ..။