အဓိပ္ပါယ်များ လျှံကျ (သို့) ကျွံကျ နေပါသည်
အဓိပ္ပါယ်များ ပွေ့ယူ၍မရပါ
အဓိပ္ပါယ်များ ဟိုဘက်သည်ဘက်မှ အတင်းတိုးဝင်နေပါသည်
နေသာသလိုနေပါ မတွေ့ကြုံခဲ့ဖူးသလိုနေပါ
အပျင်းကြောဆန့်ပါ အချိန်တွေကုန်အောင်ကဗျာတွေရေးပါ
ဒါ အဓိပ္ပါယ် ပါ
ဒါကတော့ ရေပိုက်ခေါင်းပါ ဒါကတော့ လက်နှစ်ဖက်ပါ
ဒါကတော့ လေတိုက်ပြီး လှန်သွားပြီး ရောက်သွားတဲ့ စာမျက်နှာပါ
ဆက်ဖတ်ရန်လိုနေပါသေးသည်
ပြီးခဲ့သောနေရာ မေ့သွားပါပြီ
လိုအပ်၍ အဓိပ္ပါယ် ကိုပြန်ဆက်ရပါမည်
ချိတ်ဖြင့်လှမ်းချိတ်၍ ရသောသစ်သီးဟုတ်မဟုတ် မသိပါ
(ကိစ္စပြီးပါက အဓိပ္ပါယ် ကိုစနစ်တကျပြန်ချွတ်၍ တစ်ရှူးဖြင့်ထုတ်ပြီး
အမှိုက်ပုံးထဲသို့စွန့်ပစ်ရန်ဖြစ်ပါသည် )
မြင်အောင်ကြည့်ရုံကြည့်ပါသည် မျက်လုံးများဖွင့်လို့ကြည့်ပါသည်
မျက်လုံးများဖွင့်ကြည့်လိုက်ပါသည်
အဓိပ္ပါယ်တစ်ကောင် နွားတစ်ထောင်ဟု အဓိပ္ပါယ်ရပါသည်
နွားတစ်ထောင်ကွဲလျှင် အဓိပ္ပါယ်ကျားဝင်ဆွဲပါမည်
မြန်မာစကားပုံတွင်ရှိပြီးသားဖြစ်ပါသည်
ဘယ်သူပြောမှန်းမသိပါ မြုံလိုတော့အလွန်ကောင်းပါသည်
အရသာများရင် အဓိပ္ပါယ်နည်းပါသည်
အဓိပ္ပါယ် ၀င်၍မရပါ
သတင်းပို့ပါသည် ကျွန်တော်ထပ်ပြောခဲ့ပါမည်
မျိုးဆက်သစ်ကလေး အလွန်စားကောင်းပါသည်
သေချာအောင် ကျွန်တော်ထပ်ပြောခဲ့ပါမည်
ဖုန်းဆက်၍မရလျှင် အဓိပ္ပါယ်များ အဓိပ္ပါယ်ဧရိယာပြင်ပသို့ ရောက်ရှိနေပါသည်
မေးလ်ဖြင့်ဆက်သွယ်စေလိုပါသည်
မေးမဟုတ်ပါ လသတ်ကိုသတိပြုစေလိုပါသည်
ပြီးနောက် ပြန်ချက်ရန်လိုပါသည်
ချက်ပြုတ်ခြင်းမဟုတ်ပါ ပြန်စစ်ခြင်းကိုဆိုလိုပါသည်
အဓိပ္ပါယ်များကို မလွတ်ချစေလိုပါ
အကယ်၍ လွတ်ချရန်လိုအပ်ပါက ” လွတ် ” အစား ” Lock ”ကိုအသုံးပြုစေလိုပါသည်
အဓိပ္ပါယ်များ များပြားလွန်၍ အနက်မဖော်နိုင်ဘူးဆိုလျှင်
သမ္မတကြီးအလုပ်မအား၍ ဖြစ်ပါလိမ့်မည်
ကျေးဇူးပြု၍ခေတ္တစောင့်ဆိုင်းပါ
ကျေးဇူးတင်ကြောင်းပြောပြီးမှ ပြန်ပါ ။
အချိန်ကုန်အောင်ကဗျာရေးခြင်းဖြစ်ပါသည်