ငါမရှိလည်း ” ငါမရှိခြင်း “က အခန်းထဲ …

June 26, 2014

……………………………..  …  .. … ..

ခရီးယာယီများသူ တစ်ဦးအနေနဲ့ အမြဲတမ်းကြုံတွေ့နေရတာက

ခရီးကနေ အိမ်ပြန်ရောက်လာတဲ့အချိန်တွေပေါ့ ။ ဇနီးနဲ့သမီးကလည်း နယ်ပြန်

သွားနေကြတဲ့အခါ ကိုယ့်အခန်းကိုယ်ပြန်ရောက်လာတယ်ဆိုပေမယ့်လည်း

တစ်ယောက်တည်းပဲ ။ တစ်လ ၊ နှစ်လ လောက် လူမနေတဲ့ အခန်းဟာ

ကြမ်းပြင်ပေါ် ဖုန်မှုန့်တွေဖြန့်ခင်းလို့  ကြိုဆိုနေလေ့ရှိ ။  ထွက်ခွာသွားတဲ့

အချိန်နဲ့ ပြန်ရောက်လာတဲ့အချိန် တွေ ( ကြားကာလမှာ) အခန်းဟာ အလုံပိတ်ထား

ပေမယ့် အပြောင်းအလဲတစ်ချို့ဟာ အခန်းထဲဖြစ်ပျက်ထားတယ် ။ ခြေရာလက်ရာ

ဖြစ်/ပျက်ထားတယ် ။ ကိုယ်နေထိုင်တဲ့အချိန် လိုပဲ ကိုယ်မရှိတဲ့အချိန်မှာလည်း

အပြောင်းအလဲဟာ မရပ်မနား အစီအစဉ်ကျကျ ဆက်သွားနေတယ် ။

ကိုယ်ရှိခြင်း မရှိခြင်းရဲ့ အရေးပါမှုဟာ အခန်းထဲ အငွေ့လို လွင့်ပျံနေ ။

ကမ္ဘာထဲ ကိုယ်ရှိနေခြင်း မရှိနေခြင်းကရော ဘယ်လိုလဲ …. ။

………………………………. …….      …………        ………….     …… …. …..   ….

အခန်း

 

ငါမရှိလည်း

မှန်ပြတင်းကတဆင့်

အလင်းရောင်ဟာ  အခန်းထဲ ၀င်မြဲထွက်မြဲ

 

တံခါးတွေ အလုံပိတ်ထားပေမယ့်

ဖုန်မှုန့်တွေဟာ ကြမ်းပြင်ပေါ်မှာ ညီညီညာညာ ဖြန့်ကျဲနေ

 

ဘုရားပန်းအိုးဟာ သူ့ဘာသာသူလဲကျနေတယ်

(သူ့ဘာသာသူတော့ ဘယ်ဟုတ်မလဲ လေတိုက်လို့ဖြစ်မယ်

ဒါနဲ့ … လေဘယ်က၀င်မလဲ)

 

မီးဖိုချောင်ထဲမှာ ကြွက်ချီးတွေ

ရေခဲသေတ္တာထဲမှာ အမည်းရောင်မှိုပွင့်သေးသေးလေးတွေ

 

ရက်တွေအများကြီးလွန်သွားပြီး ၊ ဖတ်လက်စ (ဖြစ်ပုံရတဲ့)

သတင်းစာဟာ အိမ်ရာနံဘေးမှာ

(တစ်ချို့သတင်းတွေဟာ မဖတ်ရသေးပဲ ဟောင်းသွား)

…..

ငါမရှိလည်း ငါ့အခန်းဟာ ပြောင်းလဲနေတယ်

ငါမရှိလည်း ” ငါမရှိခြင်း ” က အခန်းထဲ မွှေနှောက်ထားတယ် ။

 

 

 

 


ရင်ခွဲရုံ

November 29, 2013

အချက်အလက်မခိုင်လုံတဲ့ သေသူက

ခပ်ညစ်ညစ်ကျောက်စားပွဲပေါ် ပက်လက်စန့်စန့်

ငိုသူတစ်ချို့တစ်လေနဲ့

နှာခေါင်းရှုံ့သူ တစ်ချို့တစ်လေ

ဆေးရုံအိုကြီးရဲ့မြောက်ဘက်

တစ္ဆေခြောက်တယ် ဆိုတဲ့ သစ်ပင်ကြီးအောက်မှာလာဆုံကြတယ်။

သေသူက မျက်လုံးတစ်ဝက်ဖွင့်လျှက်သား

လည်ပင်းပေါ်မှာ အရှိုးရာနဲ့

ဘယ်လို သောကတွေပူးကပ်လို့

ဒီလို သစ်ပင်တစ်ပင်ပေါ်မှာ မိမိကိုယ်ကိုတွဲလောင်းချိတ်ခဲ့သလဲ

ဘယ်သူမှ တိကျတဲ့သက်သေကို မပေးနိုင်ခဲ့ကြဘူး။

ငိုသံနဲ့အပုပ်နံ့တွေ

အခန်းထဲ နောက်တစ်ကြိန်လှည့်ပတ်လာပြန်ပြီ

လူတစ်ယောက်ရဲ့နောက်ဆုံးအခြေအနေမှာ

လူတွေက ဆယ့်ငါးမိနစ်စာ စကားတီးတိုးပြောလှုပ်ရွနေတဲ့အချိန်

ပူနွေးစေးထန်တဲ့ နေရောင်ကောင်းကင်အောက်

ငှက်တစ်ကောင် ခပ်သုတ်သုတ်ထွက်ပြေးသွားတဲ့အချိန်

တောင်ကုန်းလမ်းကလေးအတိုင်း

ဆရာဝန်ဘွဲ့နဲ့လွဲရရှာတဲ့ ခွဲစိတ်သမားလေးရောက်လာပြီး

ကဲ…အားလုံးပြန်လို့ရပါပြီ…လို့ဆိုကာ

ရင်ခွဲရုံတံခါးကိုပိတ်

သေသူရဲ့အတိတ်တွေကို ငြိမ်ငြိမ်သက်သက်ဆွဲဖွင့်လိုက်တော့တယ် ။

…………………………………….

မှတ်စု ။

(၁)  ၂၀၀၀ ၀န်းကျင် ။ ပုံပြင်ခေတ်က ကဗျာတစ်ပုဒ် ။ အဲဒီကာလတုန်းက  နေ့စဉ်နီးပါး

ကဖေးဆိုင်မှာ  ၀ိုင်းဖွဲ့ထိုင်နေကျ သူငယ်ချင်း ရေးဖော်တွေက မိုက်တယ်…လို့

ပြောကြတဲ့ ကဗျာပေါ့ ။ ဒီကဗျာကို ဟိုမဂ္ဂဇင်းပို့ သည်မဂ္ဂဇင်းပို့လုပ်ပြီး ဘယ်

မှာမှ မပါတော့(မမိုက်တော့) ဟိုပြင်သည်ပြင်ထပ်လုပ်ပြီး ဘယ်မှ မပို့ဖြစ်တော့ပဲ

ငြိမ်သွားတဲ့ကဗျာ တစ်ပုဒ်။ အခု ပြန်ဖတ်ကြည့်တော့ အာရုံထဲ မလှုပ်ခတ်တော့

ပေမယ့်  အဲဒီတုန်းက သူငယ်ချင်းရေးဖော်တွေကို လွမ်းတဲ့စိတ်နဲ့ ဒီနေရာမှာ

တင်ဖြစ်တာပါ ။

(၂)    တိုက်တိုက်ဆိုင်ဆိုင်  (ဒီကဗျာတင်မယ်လုပ်နေတုန်း) တစ်နေ့က

သူငယ်ချင်း ကဗျာဆရာမောင်ယုပိုင်နဲ့ဖုန်းပြောရင်း  သူတို့ကဗျာစာအုပ်လုပ်မယ့်

အကြောင်း ကဗျာတွေပို့ပေးဖို့အကြောင်း ပြောတော့  ကျနော်က ကဗျာတွေ

လောက်လောက်လားလား  မရှိတဲ့အကြောင်း ပြန်ညည်းတွားမိတယ် ။

ယုပိုင်က“ လုပ်လေဗျာ ရင်ခွဲရုံတို့ ဘာတို့ …ဟဲဟဲ´´ဆိုပြီး နောက်နေသေးတယ် ။

အသစ်တွေ မရေးနိုင်သူအဖို့ အင်မတန်ရှေးကျ ဟောင်းနွမ်းတာလေးတွေနဲ့

ဖြေသိမ့်နေရမယ့် အဖြစ်ကို  ဟာသလုပ်ချင်တာ ဖြစ်မှာပါ ။ နောက်တစ်ခုက

သူလည်း ကျနော်လို လွန်ခဲ့တဲ့ ဆယ်စုနှစ်က ရင်ခွဲရုံကလေးထဲ ပြန်ရောက်သွား

တာ ဖြစ်ကောင်းဖြစ်နိုင်တာပေါ့ ။

 

 


အဝေးရောက် – ၁

October 23, 2013

ဇာတ်လမ်းက မပြီးဆုံးသေးပါဘူး

မှုန်ဝါးဝါးဖြစ်ခဲ့ကြပြီ ဆိုပေမယ့်

မိတ်ဆွေရေ…

ကြားနိုင်သမျှနားတွေနဲ့ အဆုံးစွန်ထိဆက်ထားစေချင်တယ်။

 

စကားလုံးတွေကို ချစ်တယ်မဟုတ်လား

စကားလုံးတွေဟာ မြွေတစ်ကောင်ဖြစ်လာပြီး

ငါတို့နုလုံးသားထဲ ခုန်ပေါက်စီးဝင်လာ

ကံအကြောင်းမလှရှာသူတွေလို့ ဆိုခဲ့ကြပေမယ့်

မနက်ဖြန်ဆိုတာမျိုးက မျှော်လင့်ချင်စရာပါ။

 

တနင့်တပိုး ပင့်သက်တွေနဲ့ချွေးသိပ်ကြ

“မျောလွင့်မှု´´ကဖေးဆိုင်လေးထဲမှာ

ဂီတသံနဲ့ မနေ့ကအတိုင်းအုံခဲရူးသွပ်နေတဲ့ ယင်ကောင်တွေ

သွေးထဲက မလုံခြုံမှုတွေ

ဆုတောင်းနေရုံနဲ့မလုံလောက်ဘူးဆိုတာ အာရုံချင်းသိခဲ့ကြပါရဲ့။

 

ပုံပြင်ထဲက မြေခွေးအိုကြီးကိုတွေ့ရင်ပြောလိုက်ပါ

ပျင်းရိနေတဲ့ စပျစ်သီးတွေ အားလုံးချိုဖို့ ။

 

ဇန်န၀ါရီလ ၂၀၀၃ ခုနှစ် စတိုင်သစ် ဆင်ဆာ

 

မှတ်စု ။  ။ ဒီကဗျာလေးက အမှတ်တရ ပြောရရင် စတိုင်သစ်မဂ္ဂဇင်း ၂၀၀၃ ခုနှစ် ဇန်န၀ါရီလထုတ်

မှာဆင်ဆာထိ (အဖြဲခံရ)တဲ့ကဗျာ ။အဲဒီတုန်းက ကျနော်က ပြည်မြို့အနီးမှာကျောင်းတက်နေတုန်း

ကာလ။တစ်ရက် ပြည်ရောက်တုန်း ကိုချမ်းငြိမ်းအေး (အခုတော့ ဆုံးပြီကြားတယ်)ဆီကို ခဏ၀င်

တော့ ကျနော့်ကို မဂ္ဂဇင်းက ပုံနိုပ်ပြီးသား ကဗျာကို မိတ္တူကူးထားတဲ့ စာရွက်လေး ရန်ကုန်က လူ

ကြုံနဲ့ပါလာတဲ့အကြောင်းပြောပြီးပေးတယ် ။ ကျနော်လည်း ဘာရယ်ညာရယ် မဟုတ်ရေးလိုက်ပြီး

အခုလို ဆင်ဆာထိတယ်ဆိုတော့ ဘာလိုလိုညာလိုလို ဖြစ်သွားရတယ် ။ ဒီကဗျာလေးကိုပဲ ကိုပိုင်

မွန်ဆောင်းအို တို့နဲ့ သုံးယောက်ပေါင်း ယူဂျီစာအုပ်ကလေးမှာ ကိုပိုင်က ထည့်သုံးပေးခဲ့တယ်။

အဝေးရောက်-၁ ဆိုတဲ့အတိုင်း နောက်ထပ် အဝေးရောက်-၂ -၃ ဆက်ရေးသေးတယ် ။ သိပ်စွံတာ

တွေတော့ ဖြစ်မလာခဲ့ပါဘူး ။


လက်နှစ်လုံး ကဗျာ

September 16, 2013

မိဘပြည်သူများ ခင်ဗျား သမ္မတကြီးတစ်လတစ်ကြိမ် လာပါပြီ ခင်ဗျား

အခုတော့ ရောထွေးကုန်ပါပြီ ခင်ဗျား

သံဃာတော်တွေ သွေးမြေကျရပြီပေါ့ ခင်ဗျား

ဆရာတော်ဘုရား တရားနဲ့ဖြေပါဘုရား တရားလက်ကိုင်ထားမှပေါ့ဘုရား

ဒီမိုကရေစီဘက်တော်သားကြီးပါ ခင်ဗျား

ချေဂွေဗာရာတော့မဟုတ် ခြေဦးတည့်ရာလျှောက်သွားနေတဲ့ ခြေဗွေပါလာကြီးပေါ့ ခင်ဗျား

အစာငတ်ခံလည်း သေရုံရှိပါတယ် ခင်ဗျား

လက်နက်ကိုင်လည်း နိုင်ငံရပ်ခြားမှာ အခြေချနေရရုံရှိပါတယ် ခင်ဗျား

မတရားတာကိုလက်ပိုက်မကြည့်ကြပါနဲ့ လက်နောက်ပစ်ပြီးကြည့်ကြပါ ခင်ဗျား

နောက်ကွယ်ကကြိုးကိုင်နေတာက ရှေ့တည့်တည့်မှာပြုံးပြနေသူပါ ခင်ဗျား

သူခိုးပြေးမှ ထိုးကွင်းထရ နည်းတဲ့ ကုသိုလ်လား ခင်ဗျား

သူခိုးပြေးတော့ ဆယ်သက်စာနဲ့ ပုဒ်မ၄၄၅နဲ့ မြေအောက်လှိုက်ခေါင်းနဲ့ ခင်ဗျား

ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူးတဲ့ ခင်ဗျား

အခုလို သတ်ဖြတ်သွားတာကတော့ ကြက်ဆူဆီပေးတဲ့ စစ်ပညာပဲဖြစ်မယ် ခင်ဗျား

ပြေးကြပါခင်ဗျား

လွှားကြပါခင်ဗျား

သူခိုးဖမ်းပါ လမ်းကြားမှာလား လွတ်တော်ထဲမှာထိုင်နေသည် ခင်ဗျား

ဟော…ဆက်ပြောပြန်ပြီ ခင်ဗျား  ပြောနေတုန်းပဲ ခင်ဗျား

တရားဥပဒေစိုးမိုးရေးက အရေးကြီးပါတယ် ခင်ဗျား

အစိမ်းနဲ့တစ်မျိုး အဖြူနဲ့တစ်ဖုံ မတရားပြုသူက ပြောတယ် ခင်ဗျား

ဆင်းရဲမွဲတေမှုပပျောက်ရေး အားထုတ်ကြရမယ် ခင်ဗျား

လက်ဝါးကြီးအုပ် သွေးစုပ်ဖုတ်ကောင်က ပြောတယ် ခင်ဗျား

အမျိုးဘာသာ သာသနာ စောင့်ရှောက်ကြစို့ ခင်ဗျား

ရပ်ကွက်ထဲမှာ စွမ်းအားရှင်လူမိုက်က မီးတုတ်ကိုင်ပြောပါတယ် ခင်ဗျား

သူခိုးလက်က သူဝှက်လုတဲ့ အခါပါ ခင်ဗျား

သူခိုးကြီးတော့ဓါးပြ ဓါးပြကြီးတော့ မဟာ သီရိ သုဓမ္မ မဏိဇောတ သိင်္ဂီ ဖြစ်ရော ခင်ဗျား

အခုတော့ ရောထွေးကုန်ပါပြီ ခင်ဗျား

တစ်ခါတစ်လေ အိပ်မက်ထဲရောက်နေသလိုလို ဘာလိုလိုပဲခင်ဗျား

ဘာပဲဖြစ်ဖြစ် ပကတိအခြေအနေကို မျက်မှောက်ပြုရပါမယ် ခင်ဗျား

ရှေ့မျက်နှာနောက်ထား အားတော့နာပါရဲ့ ခင်ဗျား

မိဘပြည်သူများမှာ ၂၅ရာခိုင်နှုန်းတိတိ နေ့တိုင်းစိတ်ဆင်းရဲလျှက်ရှိကြောင်းပါ ခင်ဗျား ။   ။

 

မှတ်စု ။           ။

ကျနော်တို့ခေတ်ရဲ့ ကဗျာဆရာ လှသန်း က လက်မရွံ့ကဗျာ လို့ ရေးခဲ့တာရှိတယ် ။

ကျနော်လည်း သူ့ကဗျာနာမည်ကို အားကျလို့ လက်နှစ်လုံးကဗျာ လို့ ရေးကြည့်ပါတယ် ။

ကဗျာဓါတ်ထက် သရော်စာဓါတ်ကပဲ ပိုကဲနေတာကို ကိုယ့်ဘာသာပဲ သုံးသပ်မိပါတယ် ။

ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ တင်လိုက်ပါတယ် ။ ကဗျာလို့ သဘောမထားပဲ ကဗျာအဖြစ် နဲ့

ဖတ်ရှူပေးဖို့ပါ ခင်ဗျား။

 

 

 


ပြန်ဖတ်ပါ

August 27, 2013

အသက်ဝင်နေတဲ့ ..အသက်ငင်နေတဲ့

ဝါကျဖွဲ့ထုံး ဟာ နောက်တစ်ကြိမ်လူးလွန့်နေတဲ့

နောက် အဓိပ္ပါယ်တစ်မျိုး နောက်ဖွင့်ဆိုချက်နဲ့

နောက်ထပ် နောက်ကွယ် မှ လွင့်လာတဲ့

စကားလုံးတိုင်း စာသားတိုင်းရဲ့

အိပ်မက်တိုင်း မနက်ဖြန်တိုင်းကို ပြောင်းလဲဖွင့်ဆိုနေတဲ့

ဘ၀ အသံဟာဘ၀နားထဲကို တိုးဝှေ့နေတဲ့

ပြန်ရှာတဲ့အခါ ပြန်တွေ့ပေမယ့် ပြန်လိုချင်တာမသေချာတော့တဲ့

သေချာတဲ့ အတိတ်ထဲတူးမြုပ်ခဲ့ မှတ်စုဟောင်းထဲ ကွဲပြားတဲ့

မကွဲပြားတဲ့ မခြားနားတဲ့

သင့်မျက်ရည်များကိုကိုယ်စားမပြုတဲ့

သင့်ဘက်က ရပ်တည်မှာမဟုတ်တဲ့…..

 

မလွန်

၅.၁၂.၁၂

ည ၉း၂၇


အမှာစာ

May 25, 2013

(၁)

လေယာဉ်ပျံကြီး စတင်မပျံသန်းမီ ခါးပတ်များကိုသေချာစွာ တပ်ဆင်ပါ ။

ဘတ်စ်ကားပေါ်တွင် ခါးပိုက်နှိုက်များကို အထူးသတိပြုပါ ။

ဝယ်ပြီးပစ္စည်းငွေပြန်မအမ်းပါ ။

ကျေနပ်မှုမရှိပါက ဖုန်းနံပါတ် – ၀၀၀၀ သို့တိုင်ကြားပါ ။

(၂)

အရက်မသောက်မီ ရှိရှိသမျှကြေကွဲမှုများကို ဖိတ်ခေါ်လိုက်ပါ ။

ကြိုးကွင်းမစွပ်မီ ဘုရားတရားကို အာရုံပြုပါ ။

တိုက်ပွဲမစတင်မီ သေနတ်များကို တိုက်ချွတ်စစ်ဆေးပါ ။

ညအိပ်ယာမ၀င်မီ ဝေနေယျသတ္တ၀ါအပေါင်းကို မေတ္တာပို့သပါ ။

(၃)

လူတစ်ယောက်ကို မချစ်မီ မျက်ရည်များကိုကြိုတင်စုဆောင်းထားပါ ။

မျှော်လင့်ချက်များ မပျက်စီးမီ သင်ပျော်နိုင်သလောက် ပျော်ပျော်နေပါ ။

ဓါးချင်းယှဉ်ခုတ်ရန် မစိန်ခေါ်မီ တစ်ဖက်လူ၏ဓါးရေးကျွမ်းကျင်မှုကို အကဲခေတ်လေ့လာပါ ။

ခေတ်ပေါ်အနုပညာအားမကဲ့ရဲ့မီ သင်၏မျက်လုံးများကို ဖောက်ထုတ်ပစ်လိုက်ပါ ။

ကျေးဇူးတင်ပါသည် ။

—————————————

မှတ်စု ။ ၂၀၀၃ လောက်က ကျောင်းသားတစ်စု စာအုပ်လေးတစ်အုပ်လုပ်တယ် ။

စာအုပ်နာမည်က စွယ်တော်ရွက်..။ ဒီစာအုပ်လေးမှာ ကျွန်တော်က ကဗျာတစ်ပုဒ်

အက်ဆေးတစ်ပုဒ် ၀င်ရေးတယ် ။ အခု ပြန်ကြည့်တော့ ကျွန်တော်ကဗျာလေးက

စာအုပ်ရဲ့  အဖွင့်မှာ ။ နာမည်ကလည်း အမှာစာ ..ဆိုတော့ အားလုံးကိုကိုယ်စားပြု

အမှာစာရေးသလိုလိုဖြစ်သွားတယ် ။ တကယ်တမ်းက ကျွန်တော်ကဗျာရေးတာပါပဲ ။

ဒီကဗျာလေးကို မှတ်မှတ်ရရ အဲဒီခေတ် ရယ်စရာမဂ္ဂဇင်းကိုတောင် ပို့ခဲ့သေးတယ် ။

အရွေးမခံရပါဘူး ။ ဒီကဗျာလေးကို ပြန်တွေ့တိုင်း သတိရနေတာက(အထက်မှာ

ပြောခဲ့တဲ့ ) အမှာစာဆိုပြီး ကဗျာအဖြစ်နဲ့ ရှေ့ဆုံးမှာဖော်ပြခဲ့တာဟာ ထင်ယောင်

ထင်မှားဖြစ်စေခဲ့တဲ့ အချက်ပဲ ။ ကျွန်တော် လူပေါ်လူဇော်လုပ်ခဲ့တာတစ်ခုပဲ ထင်ပါရဲ့ ။

အဲဒီလို လူမျိုးတွေကြောင့်ပဲ ကမ္ဘာကြီး အခုလောက် ခေါင်းခဲနေရတာပဲ မဟုတ်လား ။

ခုရေးတာလည်း အမှာစာရဲ့ အမှာစာပေါ့ ။ :-))))) ။


သို့ …

August 12, 2012

ကျွန်တော် ဒီစာကို ဆက်ရေးလိုက်ပါတယ်

ကျွန်တော့်စာဟာ တစ်နေရာရာမှာဆုံးခဲ့ပြီးသားထင်တာပဲ

ဒါဖြင့် အဲဒီဆုံးတဲ့နေရာက ဆက်ဖတ်ပေါ့ ၊ ဆက်ဖတ်လိုက်ဖို့ပါပဲ

မင်းတစ်ယောက်လောကကြီးထဲ ရှေ့ဆက်ဖတ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်

အစကတော့ဖြင့် တစ်ချို့အရာတွေက သေချာပြီးသားပဲ

ဒါပေမယ့် အားလုံးဟာတဖြည်းဖြည်းနဲ့ တိမ်မြုပ်မျောပါသွားတယ်

သူညင်ညင်သာသာကလေး အသက်ထွက်သွားပုံကို ကျွန်တော်စောင့်ကြည့်နေမိတယ်

အဲဒါက ဘာဟုတ်သေးလို့လဲ ၊ ဒီမှာလာကြည့် ငါပြမယ်

အဲဒါကရော ဟုတ်ပါ့မလား ၊ နားထောင်လို့တော့ကောင်းပါရဲ့

ဒီလောက် နားထောင်လို့ကောင်းမှတော့ ဘာဖြစ်လို့ နားထောင်ချင်သေးလဲ

ကျွန်တော့်ဖြင့် ဒီလူတွေနဲ့ ခက် ၊ ခက်တော့တာပါပဲ

နယ်သစ်ပယ်သစ်မှာ နေသားမကျချင်ဘူး ၊ ရှူခင်းတွေခမျာလည်း ပျင်းခြောက်ခြောက်နဲ့

ဆောင်ရွက်ရမှာတွေကို ခဏချထားပြီး စာအုပ်တစ်အုပ်ကောက်ကိုင်မိတယ်

တစ်ခါတစ်လေ စာတစ်ကြောင်းတည်းနဲ့လည်း အိပ်ပျော်သွားတတ်တာ

ဘ၀ရဲ့အသေးဆုံးအစိတ်အပိုင်းထဲမှာလည်း ရှာတွေ့ဖို့ကခက်ခဲနေတုန်းပဲ

တီထွင်မှုတိုင်းအတွက်ပေးထားတဲ့နေရာ ၊ မသိလိုက်မသိဘာသာပဲလွင့်ပစ်ခဲ့ပြီးမှ

ရေဟာ အမြဲတမ်းအငွေ့ပျံရင်းနဲ့ကုန်ဆုံးသွားလေ့ရှိတယ်

အပြင်ထွက်ပြီးအလေလိုက်နေမှာလား ၊ လေကိုပဲလိုက်ဖမ်းနေမှာလား

ကျွန်တော်ရလိုက်တဲ့ ဒုက္ခက တစ်ပွေ့တစ်ပိုက်

ကျွန်တော် ရှာမတွေ့တဲ့လုံခြုံမှုထဲမှာတော့ မိုးရေတွေလည်းတစ်ညလုံးစီးလို့

ကျွန်တော် တွေးကြည့်တာ ဘ၀ဆိုတာ ငုံထားတဲ့သကြားလုံးလေးများလားပေါ့

မြွေလိမ်မြွေကောက်လမ်းလေးအတိုင်းပဲ ကျွန်တော်ပြန်လာပါရစေ

အပြစ်ရှိသမျှဝန်ချတောင်းပန်ဖို့လည်း ကျွန်တော်စိတ်ကူးထားပါတယ်

မှားခဲ့သမျှအဖတ်ဆယ်ဖို့ ကြိုးစားတာတွေလည်းပါကောင်းပါမှာပေါ့

မှတ်မိသမျှတွေထဲမှာပဲ နေထိုင်တယ်

နောက်ကို ခြေတစ်လှမ်းပြန်ဆုတ်တိုင်း ပျော်ရွင်စရာကောင်းတဲ့ ဖုန်မှုန့်တွေကပ်ပါလာဦးမှာပဲ

ကျွန်တော် ဒီစာကိုဆက်ရေးပါဦးမယ်

သတိရလျှက်  ။     ။

 

(၂၀၀၆-၀၇ လောက်ကရေးဖြစ်ခဲ့တာ ။ ကိုမိုးဝေးက သူတို့ထုတ်တဲ့ ဘလက်ကဗျာစာအုပ်တစ်အုပ်ထဲမှာ ထည့်ပေးခဲ့ဖူးတယ် ။

အဲဒီ  ကဗျာလေးကအစချီပြီး ..သို့..နာမည်နဲ့ နောက်ထပ် သုံးလေးပုဒ်လောက်ဆက်ရေးခဲ့ဖူးတယ် ။

အကြံတူနောက်လူသာစမြဲ ဆိုပေမယ့် အနုပညာမှာတော့ အဲဒါနဲ့ကွဲလွဲမယ်ထင်ပါတယ် ။

နောက်ရေးတဲ့ ..သို့..တွေထက် ပထမဆုံးရေးခဲ့တဲ့  သို့ ကိုပဲ ပိုပြီးအမှတ်တရရှိနေပါတယ် ။)


၃၁.၁၂.၂၀၀၂ ။ ။ ဒိုင်ယာရီကိုဆက်ရေးခြင်း

July 20, 2012

မနက်စောစော ခုနှစ်နာရီခွဲ အိပ်ရာကနိုးထလိုက်တာနဲ့

nirvana ရဲ့  you know you’re right  ဆိုတဲ့သီချင်းက

မြေစမ်းခရမ်းပျိုး အသစ်မဟုတ်တော့ဘူး ။

လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က မောင်ချောနွယ်ရဲ့ကဗျာတွေထက်

ဘာမှပိုပြီး သစ်လွင်မလာခဲ့ကြောင်း

ညက သူငယ်ချင်းကဗျာဆရာ စင်ကြယ်ငြိမ်းရဲ့အပြောကိုလည်း အမှတ်ရမိသေးတော့ ။

ငါ့ရဲ့မျက်နှာအဟောင်းကြီးကို သန့်စင်ဆေးကြောပြီး

လမ်းပေါ်ထွက်ခဲ့တော့ အခြားသောမျက်နှာအဟောင်းတွေနဲ့တွေ့တယ်။

ထမင်းကြော်နဲ့ကြက်ဥကလည်း မနေ့ကစားဖူးတာပဲ။

ငါ့လျှာက မြိုးမြိုးမြက်မြက်အရသာကို လိုအပ်/မလိုအပ်

ပိုပြီးလိုအပ်နေတာက တစ်ညတာလုံးဆာလောင်နေတဲ့ ငါရဲ့ အစာအိမ်ကိုဖြည့်ဖို့ပဲ ။

စီးကရက်နဲ့အဆက်ဖြတ်ဖို့ သံန္နိဌာန်လည်း ချမိတယ်။

ဝမ်းမြောက်ဝမ်းသာဖြစ်တော့ ဖေဖေနဲ့မေမေရေ….။

ကျွန်တော့်ရဲ့သေတမ်းစာကို ဟိုးအနောက်ဝေးဝေးတွန်းပို့လိုက်ရတာက

အခု လောလောဆယ် ရင်ဘတ်ထဲက မခံမရပ်နိုင်လွန်းလို့ပါပဲ။

ချောင်းတစ်ဟွတ်ဟွတ်ဆိုးနေတယ် ၊ပေါ့ရွတ်ရွတ်ဆေးပြားတွေကို ယုံယုံကြည်ကြည်သောက်ခဲ့တယ်။

ကဗျာစာအုပ်အသစ်မှာ ခေါင်းစီးက အဓမ္မကျင့်ခံရတာပဲလို့ ယူဆတယ်။

ကဗျာချစ်သော ငွေကြေးချောင်လည်သူများက အရက်ဖိုးဒကာခံကြပေါ့။

လူပြည့်ကျပ်နေတဲ့ ကဖေးဆိုင်ထဲ စစ်ပြေးဒုက္ခသည်တွေရဲ့အလည်

ဘယ်လောက်ပျော်ရွင်စရာကောင်းခဲ့ကြောင်း

နောင်အခါ ထွန်းကားလာမယ့် သားသမီးငါးယောက်ကို ပြန်ပြောင်းအောက်မေ့ရမယ်။

ဖေဖေက အရူးဆိုရင် မင်းတို့မေမေက အရူးမကြီးပေါ့ကွာ …အဲဒီလို…။

အစာရောင်ရောဂါနဲ့ ဆေးရုံရောက်နေတဲ့ သူငယ်ချင်းလူသက်ခိုင်ကိုလည်း

သတိရတစ်ချက် မရတစ်ချက်….။

ဒါပေမယ့်….ပြောလို့ဆိုလို့ကောင်းမယ့် အကြောင်းအရာပါ ။

သင်ခန်းစာတွေ မကြေညက်သေးတာလည်း ပြောလို့ဆိုလို့ကောင်းတာပဲ ။

ပို့ဆောင်ဆက်သွယ်ရေးသင်တဲ့ဆရာက ဒီည မျိုးကျော့မြိုင် သီချင်းထပ်မဆိုတော့ဘူးလား ။

အသည်းဆိုတာလည်း နည်းနည်းကွဲအက်ခံထာားမှ ဂုဏ်ရှိတာပဲ ။

သီချင်းတွေကဟောင်းနေပြီ ၊ အသစ်တွေထပ်လုပ်တော့ မိတ်ဆွေ ပေါ့ပ်အော်တာလေး ။

ပုဂံဘုရားဖူးသွားဖို့ငြင်းခဲ့တယ်

ဒီကောင်က  တစ်ဝဲလည်လည်အထင်မကြီးနဲ့…တဲ့…မစ္စတာကွမ့်ရေ…

အဲဒါလန်းဆန်းတက်ကြွတဲ့ ပျော်ဖွယ် ၂၃ နှစ်လူငယ်ဘ၀ မဟုတ်ပါလား ။

ထူးခြားတာက လေယာဉ်စီးခနှုန်းထားတွေ လေးဆကျော်ကျော်ခုန်တက်သွားတာပဲ ။

အိမ်မပြန်ပဲ ဘယ်ချောင်မှာ ခိုကပ်နေရပ ။

ငါ့လှေ ငါထိုးပဲခူးရောက်ရောက် ..ဆိုပါလား

ဒါတွေက ကဖေးဆိုင်ရဲ့ဟားစရာတွေလိုသာ သဘောထားလိုက်ပါဗျာ…။

ရေနံချောင်းသားသူငယ်ချင်းနဲ့တွေ့တော့ ငါ့ဘက်က စကားမှားခဲ့တယ် ။

ဒီညဟာ ကမ္ဘာကြီးတစ်ခုလုံး ကခုန်မူးရူးကြမယ့် နှစ်သစ်ကူးညပဲ ။

ငါကလည်း  မေ့ချင်ယောင်ဆောင်နေရသေးတယ် လို့

ဘယ်သူပုံထားမှန်းမသိတဲ့ ရွာလည်လမ်းမက မီးပုံကြီးနံဘေး

ဘီယာတစ်အေးအေးနဲ့  အယ်နှောင်းရဲ့ ခိုင်မြဲခြင်း ကိုသီဆိုခဲ့သူဟာ

အခု…ဒီ ဒိုင်ယာရီကို ရေးနေတဲ့ အသစ်အဆန်းနဲ့ လက်ဖျံရိုးပြစားသူ…ကိုယ်ရယ်ပါ ။    ။

 

 

(တစ်ဆက်တည်း ဖတ်ကြည့်ရအောင်လို့ ကျောင်းသားဘ၀ကာလအတွင်းက ရေးခဲ့တာလေးကို

ဖိုင်တွဲထားလိုက်တာ ။ ဆယ်စုနှစ်တစ်ခု နီးနီးကြာခဲ့တာတောင် ဒီကဗျာထဲက

စာကြောင်းတစ်ကြောင်းတိုင်းရဲ့ ဦးတည်ရာကို ကျနော် မှတ်မိနေတုန်းပဲ ။)


တစ်ခါတုန်းကတက္ကသိုလ်မှာ….

July 11, 2012

ရပ်နေတော့မှ ရွေ့ နေတာကိုပိုသိလာတယ်….

ဘ၀ဆိုတာ ဒီလိုပဲ့…..

ငါတို့လျှောက်ခဲ့ကြတဲ့လမ်းက ဒီလိုပဲ

ကြယ်တွေဆီကိုရောက်ရောက်၊သင်္ဘောပဲမှောက်မှောက်

လမ်းစပဲပျောက်ပျောက်

ကျောပိုးအိတ်တစ်လုံး၊လက်ဆွဲသေတ္တာတစ်လုံးနဲ့အဝေးပြေးကားကြီးပေါ်မှာပြေးလို့…

သူငယ်ချင်းများ၊ဘယ်တော့မှပြန်မတွေ့ရတော့မယ့်မျက်နှာတွေ…..။

 

လူသံကြားတော့ လန့်ပျံရရှာတဲ့ကားမှတ်တိုင်နံဘေးကခိုအုပ်လို

တို့တွေတစ်ခါတည်း လန့်ပျံခဲ့ရတာ၊တစ်စစီပဲ

တို့တွေမလန့်ပဲလည်းပျံခဲ့ရတာပဲ

ပြန်မလာတော့မယ့်မြို့ဆီ၊စီးနေတဲ့ရေအလျဉ်ဆီ

ဘယ်ရောက်နေပြီလဲ။

 

ကျောင်းတုန်းကတင်ထားတဲ့ ရဲဆေးတွေ

တစ်ခွက်ပြီးတစ်ခွက်သောက်လို့ ကတ္တရာလမ်းမပေါ်မှောက်အိပ်သွားတဲ့အိပ်မက်တွေ

မြမြထိုက်တို့အဆောင်ကိုဖျော်ဖြေမယ့်ဂီတာဆရာတွေ

စာအုပ်ထုတ်မယ်တကဲကဲနဲ့ချစ်ဖို့ကောင်းတဲ့ဖြစ်ရပ်မှန်စာရေးဆရာတွေ

ဖဲသမားတွေ၊စုံတွဲတွေ၊ဟန်ဝင်းအောင်တွေ၊အောင်ကျော်မင်းတွေ

ဗိုကျော်နဲ့မဟုတ်တမ်းတရားတွေပြောပြီးအိပ်ပျော်သွားတဲ့ညတွေ

အခုတော့   လောကတစ်ခုရဲ့အပြင်ဘက်မှာနဖူးတွေ့ ဒူးတွေ့ညတွေထဲ

တစ်ယောက်ချင်းရဲ့ကိုယ်ပိုင်အမှောင်နဲ့အိပ်ပျော်သွားကြတဲ့သူငယ်ချင်းတွေ……။

 

ဒိုးလုံးသေတော့လည်းကြေကွဲခဲ့တာပဲ၊

မောင်ချောနွယ်တစ်နှစ်ပြည့်ဆိုတော့လည်းကဗျာဝင်ရွတ်လိုက်မှာပဲ

ချစ်ခန်းကြိုက်ခန်းမှာလည်း မှတ်စုစာအုပ်ငှားရာကအစရိုမီယိုနဲ့ဂျူးလိယက်အထိဖြစ်သွားကြတာပဲ

ဟိုနားဒီနားပျော်ပွဲစားတွေဆိုလည်းပျော်ချင်ယောင်ဆောင်ပြီးဓါတ်ပုံဝင်အရိုက်ခံလိုက်တာပဲ

ပညာပါရမီထဲကညွန့်၊ကျော်ဇင်ဦး၊နိုင်ထွေး

တရုတ်ကားပြီးချိန်လောက်ရောက်လာမယ့် ငါ့ကိုစောင့်လို့

ရွေးချယ်စရာလမ်းလည်းမရှိဘူး၊ဘယ်ဆိုင်ထိုင်ထိုင်ပလိန်းနဲ့လန်ဒန်

ယမ်ယမ်ချဉ်စပ်နဲ့နိုင်တီတူး

လူယုတ်မာလည်းမရှိဘူး၊အားလုံးကိုယ့်အကြောင်းနဲ့ကိုယ်

စင်ကြယ်ငြိမ်းပဲဖြစ်ဖြစ် အင်္ကျီဖြူပဲဖြစ်ဖြစ်ရွာထဲကဗီဒီယိုရုံကိုပြေးလို့

အချိန်စာရင်းမထွက်မချင်းတော့

ဘယ်အခြောက်ဆီမှာမှဒူးမထောက်တဲ့သူရဲကောင်းတွေ….

မေးခွန်းလွှာလည်းရောက်တဲ့နေ့တရားနဲ့ပဲဖြေရမှာပေါ့ကွာ။

 

အခုတော့ လက်ခုပ်ပင်ကြီးလည်းအရက်နာကျကျန်ခဲ့မှာပေါ့

ငါတို့ကလည်းကျောင်းကြီးကိုမသယ်နိုင်

ကျောင်းကြီးကလည်း သူ့ကိုယ်ပေါ်က အလကားမျိုးဆက်ကိုယားလို့နဲ့တူပါရဲ့

လွင့်လာလိုက်ကြတာ၊စံပယ်တွေလည်းမဟုတ်ဘူး၊ကြယ်တွေလည်းမဟုတ်ဘူး

လူတွေလူကြီးဖြစ်လာပြီဆိုတဲ့လူငယ်တွေ

သတ်ပုတ်တဲ့ပတ်ဝန်းကျင်၊ရိုင်းတဲ့အယူအဆ

ပါးပါးလေးဆိုရင်အရည်ပျော်သွားနိုင်တဲ့ခေတ်ကြီးထဲကငါတို့သူငယ်ချင်းများ

ကိုယ့်ခြေထောက် ခြေတစ်လှမ်းလှမ်းတိုင်းကတိတစ်ခုထပ်ပျက်လို့

သတိတစ်ကြိမ်ရတိုင်း ဖုန်းနံပါတ်တစ်ခုထပ်မေ့လို့။

 

နိုင်ထွေးရေ(လူသက်ခိုင်ရေ……)

ဒီကဗျာကိုမင်းဖတ်နေမလား

ဇော်လင်းဦးရေ(လင်းဇော်ရဲရေ….၊မီမိုရေ..)

မင်းရော ဒီကဗျာကိုဖတ်ဖြစ်နေမလား

ကော့ဒွတ်ဖြစ်ဖြစ်၊လမိုင်းဘူတာဖြစ်ဖြစ် ဒီကဗျာကိုဖတ်နေကြမှာပဲ

ရခိုင်သူဖြစ်ဖြစ်၊ဘားအံသူဖြစ်ဖြစ် ဒီကဗျာကိုသတိရကြမှာပဲ

မော်လမြိုင်ကဖြစ်ဖြစ်၊၀ါးခယ်မကဖြစ်ဖြစ် ဒီကဗျာကိုတန်ဖိုးထားကြမှာပဲ….

တောင်ငူကဖြစ်ဖြစ်၊မောင်းမကန်ကဖြစ်ဖြစ် ငါ့ဆီအကြောင်းပြန်ပါ။  ။

 

(idea magazine,2006,Feb)

 

(ပြောရရင် ဒီကဗျာမှာတော့ အမှတ်တရ တွေက အမျာကြီးပေါ့ ။ ၂၀၀၃ နှစ်ကုန်ပိုင်း

လောက်မှာနောက်ဆုံးနှစ်စာမေးပွဲကြီး ပြီးတော့ အိမ်ပြန်ကြတဲ့ သူငယ်ချင်းတွေကိုကြည့်ရင်း

ဒီကဗျာကို စ တည် ခဲ့တာ ။ကြားမှာ ဟိုနားတစ်စ သည်နားတစ်စ ရေးပြီး ၂၀၀၅ မှ

အချောရေးပြီး သွားခဲ့တယ် ။ ကျနော့်အတွက်(ကိုယ့်အဖြစ်သက်သက်မဟုတ်ပဲ )

ထိစပ်ပတ်သက်လွန်းတဲ့နယ်ပယ် အကြောင်းအရာ တစ်ခုကို ကဗျာအဖြစ်

ပြန်ရေးရတာခဲယဉ်းလေ့ရှိပေမယ့် ဒီကဗျာကိုတော့ ဖော်ပြလို့ရအောင် ကြိုးစား

ရေးဖြစ်ခဲ့ပါတယ် ။ ကျောင်းသားဘ၀ ၊ သူငယ်ချင်းတွေ နဲ့ စိတ်လှုပ်ရှားမှုတစ်ချို့

ကိုလွမ်းတဲ့စိတ်အခြေခံနဲ့ ရေးခဲ့တာလို့ပဲ ထင်ပါတယ် ။ အဲဒီကာလ တစ်ယောက်တည်း

အထီးကျန်လေလွင့်နေချိန်တွေအတွက် ထွက်ပေါက်လည်းဖြစ်ကောင်းဖြစ်ခဲ့မှာပေါ့ ။

ဘယ်တော့မှ ဘယ်လိုမှ ပြန်မရနိုင်တော့တဲ့ စိတ်အခြေအနေတစ်ခုဆီ သို့ …။

ငါတို့ အော်ဟစ်ရယ်မောလိုက်တဲ့ရယ်သံတွေကို ပြန်ကြားရမလား… ။

သူငယ်ချင်းများ အားလုံးကိုသတိရလျှက်ပါ ။ )


အပ်ကြောင်းများ

July 1, 2012

ကောင်းကင်ဟာ

သူ့အတိုင်း ရှိနေဆဲပါပဲ…

သူ့ကို ဘုရားသခင် မွေးဖွားလိုက်ကတည်းက

ဖြူစင်သန့်ရှင်းနေပုံ မျိုးနဲ့လေ …။

တိမ်တွေလည်း

သူ့ အတိုင်းလွင့်နေဆဲပါပဲ

နေခြည်နွေးနွေးက သူ့ကိုယ်ပေါ်မှာ

မြို့ရဲ့လမ်းမတွေကို ငုံ့ကြည့်ပြီး ပြုံးပြနေလေရဲ့ ။

သစ်ပင်တွေလည်း

သူ့အတိုင်း အစိမ်းရောင်ဖြန့်ကားနေဆဲ…

ကမ္ဘာမြေကိုထိုးဖောက် ရှင်သန်နေဆဲပါပဲ ။

အရာအားလုံး

တကယ်တမ်း မပြောင်းလဲကြသေးသမျှ

ငါလည်း ဒီအတိုင်းပါပဲ

လေထဲက ဖုန်ငွေ့တွေကို ရှူရှိုက်လို့

ဂစ်တာလက်တံပေါ်က မျက်ရည်စက်တွေကိုငေးလို့

နုလုံးသားတွေ ချောင်းတစ်ဟွတ်ဟွတ်ဆိုးနေဆဲပါပဲ ….

……

ညီမလေး..ရေ….။

 

– ၉၇ -၉၈ ။ ၁၈နှစ်သားလောက်တုန်းက အသည်းကွဲကဗျာလေးတစ်ပုဒ်ပါ ။

အသည်းကွဲတဲ့ခံစားမှုက ကြာကြာမခံပေမယ့် အသည်းကွဲကဗျာလေးကတော့

ကျနော့်မှတ်စု စာအုပ်ထဲ အခုတိုင်ရှိနေတုန်းပဲ ။ဒီကဗျာကိုဒီနေရာမှာ ပြန်တင်ဖို့ကူးရေးရင်း

တစ်ချို့စာကြောင်းတွေကို ပြန်ပြင်ဆင်ရေးလိုက်ဖို့ စိတ်ကူးကြည့်သေးတယ် ။

ဒါပေမယ့် ၉၇ – ၉၈ က ၁၈နှစ်သားလေးကို အားနာတာနဲ့ မပြင်ဖြစ်တော့ပါဘူး ။