ငါမရှိလည်း ” ငါမရှိခြင်း “က အခန်းထဲ …

……………………………..  …  .. … ..

ခရီးယာယီများသူ တစ်ဦးအနေနဲ့ အမြဲတမ်းကြုံတွေ့နေရတာက

ခရီးကနေ အိမ်ပြန်ရောက်လာတဲ့အချိန်တွေပေါ့ ။ ဇနီးနဲ့သမီးကလည်း နယ်ပြန်

သွားနေကြတဲ့အခါ ကိုယ့်အခန်းကိုယ်ပြန်ရောက်လာတယ်ဆိုပေမယ့်လည်း

တစ်ယောက်တည်းပဲ ။ တစ်လ ၊ နှစ်လ လောက် လူမနေတဲ့ အခန်းဟာ

ကြမ်းပြင်ပေါ် ဖုန်မှုန့်တွေဖြန့်ခင်းလို့  ကြိုဆိုနေလေ့ရှိ ။  ထွက်ခွာသွားတဲ့

အချိန်နဲ့ ပြန်ရောက်လာတဲ့အချိန် တွေ ( ကြားကာလမှာ) အခန်းဟာ အလုံပိတ်ထား

ပေမယ့် အပြောင်းအလဲတစ်ချို့ဟာ အခန်းထဲဖြစ်ပျက်ထားတယ် ။ ခြေရာလက်ရာ

ဖြစ်/ပျက်ထားတယ် ။ ကိုယ်နေထိုင်တဲ့အချိန် လိုပဲ ကိုယ်မရှိတဲ့အချိန်မှာလည်း

အပြောင်းအလဲဟာ မရပ်မနား အစီအစဉ်ကျကျ ဆက်သွားနေတယ် ။

ကိုယ်ရှိခြင်း မရှိခြင်းရဲ့ အရေးပါမှုဟာ အခန်းထဲ အငွေ့လို လွင့်ပျံနေ ။

ကမ္ဘာထဲ ကိုယ်ရှိနေခြင်း မရှိနေခြင်းကရော ဘယ်လိုလဲ …. ။

………………………………. …….      …………        ………….     …… …. …..   ….

အခန်း

 

ငါမရှိလည်း

မှန်ပြတင်းကတဆင့်

အလင်းရောင်ဟာ  အခန်းထဲ ၀င်မြဲထွက်မြဲ

 

တံခါးတွေ အလုံပိတ်ထားပေမယ့်

ဖုန်မှုန့်တွေဟာ ကြမ်းပြင်ပေါ်မှာ ညီညီညာညာ ဖြန့်ကျဲနေ

 

ဘုရားပန်းအိုးဟာ သူ့ဘာသာသူလဲကျနေတယ်

(သူ့ဘာသာသူတော့ ဘယ်ဟုတ်မလဲ လေတိုက်လို့ဖြစ်မယ်

ဒါနဲ့ … လေဘယ်က၀င်မလဲ)

 

မီးဖိုချောင်ထဲမှာ ကြွက်ချီးတွေ

ရေခဲသေတ္တာထဲမှာ အမည်းရောင်မှိုပွင့်သေးသေးလေးတွေ

 

ရက်တွေအများကြီးလွန်သွားပြီး ၊ ဖတ်လက်စ (ဖြစ်ပုံရတဲ့)

သတင်းစာဟာ အိမ်ရာနံဘေးမှာ

(တစ်ချို့သတင်းတွေဟာ မဖတ်ရသေးပဲ ဟောင်းသွား)

…..

ငါမရှိလည်း ငါ့အခန်းဟာ ပြောင်းလဲနေတယ်

ငါမရှိလည်း ” ငါမရှိခြင်း ” က အခန်းထဲ မွှေနှောက်ထားတယ် ။

 

 

 

 

Leave a comment